Monday, December 29, 2008

စိတ်ကူးယဉ်ဆန်စွာ

အမှတ်တရတွေကို မကြာမကြာ ဖန်တီးကာ တန်ဖိုးထားတတ်တဲ့ သူမ၊ အမှတ်တရနေ့တိုင်းမှာ သူနဲ့အတူရှိနေချင်ခဲ့သည်။ အထူးသဖြင့်၊ သူမ မွေးနေ့လိုနေ့မျိုးလေးတွေ၊ သူ့မွေးနေ့လို နေ့မျိုးလေးတွေ၊ သူနဲ့ စတွေ့တဲ့နေ့လေးတွေကိုပေါ့။ အဲဒီအပြင်၊ ထူးထူးခြားခြားတစ်ခုခုလုပ်ဖြစ်တဲ့နေ့လေးတွေကိုပါ သူမက အလေးထားတတ်သေးသည်။ အဲဒီလို နေ့မျိုးလေးတွေမှာ အမှတ်တရ တစ်ခုခု လုပ်ချင်ခဲ့သည်။ သူနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းချင်ခဲ့သည်။

သို့သော်၊ သူက ပြောသည်။
"ဒီလောက် စိတ်ကူးယဉ်ဆန်ပြီး ဘာလုပ်မှာလဲကွ။"
" လက်တွေ့နဲ့ စိတ်ကူးယဉ်ဆိုတာ တစ်ထပ်တည်းကျလာနိုင်တဲ့အရာမှ မဟုတ်ပဲကွာ။ "
"ကြားလား၊ ကောင်မလေး။ စိတ်ကူးမယဉ်စမ်းပါနဲ့ ။ "
"လက်တွေ့ကျကျ စဉ်းစားကွာ".................တဲ့။

သူပြောတော့လည်း ဟုတ်နေသလိုလို။ "မဖြစ်နိုင်တာကြီးကို စိတ်ကူးယဉ်နေမိသလား"................. လို့ ကိုယ့်ကို ကိုယ် ပြန်မေးကြည့်သည်။ "ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်စရာအကြောင်း မရှိဘူး." .................ဟုအဖြေထွက်သည်။ သူ ကိုယ်၌က အဲလိုမျိုးတွေ စိတ်မဝင်စားတာ...........လို့ တွေးမိလိုက်တော့ စိတ်ထဲက မကောင်း။ ဪ၊ ငါ့နှယ်။ စိတ်ကူးယဉ် မဆန်တတ်သူကိုမှ ချစ်မိရတယ်လို့ ..........ဟူသော အတွေးဝင်လာမိသေးသည်။ အခုမှတော့ မတတ်နိုင်တော့။ သူ ၊ မလုပ်ချင်လည်း ကိုယ့်ဘာသာကို လုပ်ယူလို့ ရသေးသည်ပဲ။ သူက အတင်းအကြပ်ကြီးတော့ ငြင်းလေ့ငြင်းထမရှိပါ။ အတတ်နိုင်ဆုံး လိုက်လျောပေးလေ့ရှိသည်။ ဒီတစ်ခုအတွက်တော့ သူ့ကို ကျေးဇူးတင်မိသား။

နယူးရီးယား(နှစ်သစ်)မှာ သူနဲ့အတူ ဘုရားသွားချင်သည်။ ပုဂံဘုရားစုံကို သူနဲ့ အတူ ဖူးချင်သည်။ စစချင်း၊ တန့်ကြည်တောင်သွားမည်။ ထို့နောက်၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗေညုဘုရား၊ စသည့် တန်ခိုးကြီး ဘုရားများကို လိုက်ဖူးမည်။ (နေပူပူမှာ ဦးထုပ်ကိုယ်စီဆောင်းကာ စက်ဘီးစီးရင်းနဲ့ပေါ့။) လက်ညိုးထိုးမလွဲသော ၊ မြင်မြင်ရာ၌ ဘုရားစေတီများ ခြံရံနေသော ပုဂံတွင် နာမည်မထင်ရှားသော ဘုရားများလည်း ရှိနေပါသေးသည်။ ထိုဘုရားများကိုလည်း အတူတကွ ဖူးမြော်ချင်သေးသည်။ ရွှေဆံတော်ဘုရားကိုလည်း သူ့အကူအညီဖြင့် တတ်ရမည်။ သူမက အမြင့်ကြောက်သည်လေ။ နေဝင်ရီတရော ဆည်းဆာကို သူ့ပခုံးထက်မှာ မှီရင်းဖြင့် ကြည့်ချင်မိသည်။ ပုဂံ ရှုခင်းကြီးက လှလိုက်မည့် ဖြစ်ခြင်း။ ပုဂံရဲ့ အလှဆုံးအချိန်မှာ သူနဲ့ အတူ ရှိနေရတာ ဘယ်လောက်ကဗျာဆန်လိုက်ပါသနည်း။

နေဝင်သွားလျှင် မနူဟာဘုရားသွားမည်။ မနူဟာဘုရား ရောက်တိုင်း မွန်းကြပ်သွားသလို ခံစားရပေမယ့် ပုဂံရောက်တိုင်း အမြဲသွားချင်မိသည်။ မနူဟာ ဘုရင်အား ကိုယ်ချင်းစာနေတတ်သေးသည်။ "မည်သူတစ်ဦးတစ်ယောက်ကိုမှ အကျဉ်းမကျစေခြင်ဘူး"...လို့ ပြောမိလျှင် သက်ပြင်းချပြီး "သွားရအောင်ကွာ "........လို့ ပြောလိမ့်မည်။

နောက်ဆုံးအနေနှင့် ဗူးဘုရားသို့ သွားမည်။ ဗူးဘုရား တစ်ပတ်ဖူးမြော်ပြီးလျှင် ထိုင်ခုံလေးမှာ ထိုင်ပြီး ဧရာဝတီမြစ်၏ အလှကို ခံစားရင်း ဘဝရှေ့ရေးလည်း ဆွေးနွေးရဦးမည်။

ဒီနေ့ သူမနှင့် သူ၏ ဘဝ စပြီလေ။


Blogspot Templates by Isnaini Dot Com . Supported by Home Improvement.